ပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားတွေများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး အခက်အခဲတွေများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

မိုးတွင်းအချိန်အခါကို ရောက်ရှိနေပြီမို့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးဒဏ်၊လေဒဏ်အပြင် စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရကာ အရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြပါတယ်။ ပြည်သူတွေကလည်း စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးနေကြပါတယ်။

ပြည်သူတွေကတော့ စစ်ဘေးရှောင်တွေအဓိကလိုအပ်နေတဲ့ အဝတ်အစား၊အခြေခံစားသောက်ကုန်၊စောင်ခြင်ထောင်နဲ့ ဆေးဝါးပစ္စည်းတွေကို လှူဒါန်းနေကြပါတယ်။

ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းဝေါလေမြိုင်ဒေသက စစ်ရှောင်ပြည်သူတွေကတော့ ယနေ့မှာ သူတို့ဆီပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ အပျော်ဟာ ပြည်သူတွေကိုပါ ကူးစက်စေပြီး ပြည်သူတွေကတော့ စစ်ဘေးရှောင်တွေရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ကာ ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပြည်သူတစ်ဦးကတော့ ” စစ်ရှောင်ပြည်သူတွေက အဝတ်အထည်တွေကိုဝမ်းသာအားရ လက်ခံယူကြပါတယ်၊ ဒါပေမယ့် ကားခစျေးကြီးတယ်၊နောက်ထပ်တော့ လက်မခံတော့ပါဘူး၊AAC ဂေဟာမှာ တစ်ပုံကြီးရှိနေသေးတယ်၊အဝတ်အစားအလှူရှင်တွေကျေနပ်ပီတိဖြစ်စေရန်သာ တင်ပြခြင်းပါ…

ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းဝေါလေမြိုင်ဒေသက စစ်ရှောင်ပြည်သူတွေ ပျော်ရွှင်စွာ အဝတ်တွေ ရွေးနေကြတာပါ။သံလွင်မြစ်နဲ့ သောင်းရင်းချောင်းဘေးမှာဘယ်လိုမှ သယ်ယူမနိုင်တော့လို့စွန့်ပစ်လိုက်ရတဲ့ အထည်တွေလည်းအများကြီးပါ….

ပုံတွေ ပို့ပေးပါသော ဆရာတော်ဦးဇောတိက ကျေးဇူးပါ ခင်ဗျာ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ အဝတ်အစားတွေရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *