တောထဲကဒဏ်တွေကြောင့် နေရပ်ပြန်လာချိန်မှာတောင် အာဟာရချို့တဲ့ပြီး ကိုယ်ခံအားချိနဲ့နေကြတဲ့ ချင်းပြည်နယ်က သက်ကြီးရွယ်အိုများ

အာဏာသိမ်းစစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ရဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တောထဲမှာပုန်းရှောင်နေကြရတဲ့ ဟားခါးမြို့နယ် ဆဲန်ထန်းနယ်က ပြည်သူ အများစုဟာ နေရပ်ပြန်လာကြပြီ ဖြစ်သော်လည်း သက်ကြီးရွယ်အိုအများစုကတော့ တောထဲမှာ အာဟာရမပြည့်ဝခဲ့ရတာကြောင့် ကိုယ်ခံအားပြတ်လပ်မှုဒဏ်ကိုရင်ဆိုင်နေကြရပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ ဆဲန်ထန်းနယ်ဟုခေါ်သော ဟားခါး – မတူပီ ကားလမ်းမကြီးအကြားမှာရှိတဲ့ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း (၈) ရွာခန့်မှ ဒေသခံ (၅၀၀၀) ကျော်တို့ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဇွန်လဆန်းပိုင်းကစပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိအခက်အခဲတွေကို “ စစ်ရှောင်ရလို့ နောက်ဆက်တွဲပြသနာတွေရင်ဆိုင်ရတယ်၊ ဘာလဲဆိုတော့ သက်ကြီးပိုင်းတော်တော်များများက အားကုန်ပြီး ကိုယ်ခံအားပြတ်လပ်ကြတယ် ပြန်နလန်မထူနိုင်ကြ တော့ဘူး တစ်ချို့ဆိုရင် အောက်ဆီဂျင်နဲ့ဖြေရှင်းရတဲ့သူတွေလည်းရှိတယ်၊

မနေ့ကတော့ အသက် (၇၀) အရွယ်အဘွားအိုတစ်ယောက်တော့ ဆုံးသွားတယ် ” ဆိုပြီး ဆူရ်ခွါမြို့ခံတစ်ဦးက ပြောပြလာခဲ့ပါတယ်။

ဆူရ်ခွါမြို့မှာ တိုက်နယ်ဆေးခန်းရှိသော်လည်း ဆေးဝါးပြတ်လပ်ကာ ကျွမ်းကျင်လုပ်သားလည်း မရှိတဲ့အတွက် အခက်ကြုံနေရပြီး ဟားခါးမြို့ဖက်ကိုသွားရောက်ကုသရန်မှာလည်း အခြေအနေ တည်ငြိမ်မှုမရှိသေးတဲ့အတွက် မသွားရဲ မလာရဖြစ်နေကြတယ်ဟု အဆိုပါဒေသခံများက ပြောခဲ့ပါတယ်။

ဆဲန်ထန်းနယ်မှ Surkhua မြို့ , Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, စသည့်ကျေးရွာ အသီးသီးတို့မှ ဒေသခံပြည်သူအားလုံးနီးပါးဟာလည်း တောထဲကိုပုန်းရှောင်နေရာကနေ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း Loklung ကျေးရွာသားများမှာမူ နေရပ်သို့မပြန်ရဲကြသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ Loklung ရွာအနီးမှာ စစ်ဆေးဂိတ်ထားရှိကာ ဟားခါး – မတူပီ လမ်းကြောင်းအတိုင်း သွားလာနေသူများအား စစ်ဆေးမှုတွေလုပ်ပြီး လုံခြုံရေးတင်းကြပ်ထားတယ် လို့လည်း သိရပါတယ်။ မအေးချမ်းတဲ့ဘဝတွေ အမြန်ဆုံးအေးချမ်းပြီး လုံခြုံနွေးထွေးတဲ့အရိပ်အမြုံလေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *