နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအနေနဲ့ ဆောင်ရွက်ခဲ့ကြတဲ့ မန္တလေးသပိတ်စစ်ကြောင်းပုံရိပ်များ

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။

အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။

နေ့ရက်တိုင်းလိုလို အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေထွက်နေကြတဲ့ မြို့တွေထဲမှာဆိုရင် မန္တလေးမြို့ကတော့ ချီးကျူးစရာကောင်းအောင်ကို တက်ကြွနေတာကိုတွေ့မြင်ရပါတယ်။

ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာပါ။

ဒီကနေ့ဇွန်လ (၁၇)ရက်နေ့မှာဆိုရင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအဖြစ်မန္တလေးမြို့ရှိ အင်ဂျင်နီယာများအဖွဲ့၊စီးပွားရေးမိသားစုတို့ပူးပေါင်းဆိုင်ကယ်သပိတ်ပြုလုပ်ကာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများထွက်ခဲ့ကြတာဖြစ်ပါတယ်။

ယခုလာမည့် ဇွန်လ(၁၉)ရက်နေ့ဟာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ရဲ့မွေးနေ့မှာ ပြည်သူတွေက Flower strikeပြုလုပ်ကြဖို့ ပြင်ဆင်နေကြတာကိုလည်း တွေ့ရပါတယ်။

ဆရာတေဇာဆန်းကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ယနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ကြသော-မန္တလေးအင်ဂျင်နီယာများအဖွဲ့နဲ့ စီးပွားရေးမိသားစုတို့ ပူးပေါင်း ဆိုင်ကယ်သပိတ်စစ်ကြောင်း။ အားလုံးကို လေးစား၊ ဦးညွတ်၊ ဂုဏ်ပြုပါ၏…” ဆိုပြီးရေးသားထားပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *