အိမ်အောက်ထပ် ၌ ဘုရားခန်း ထား၍ ကိုးကွယ် လျှင် သင့်/မသင့်

အောက်ထပ်” အိမ်ထောင်စု များ၌ ဘုရားခန်း ထား၍ ကိုးကွယ်ရာ “အပေါ်ထပ်”အိမ်ထောင်စု တို့၏ အောက်မှာ ဖြစ်နေတတ်၍“ဘုရားခန်း”၏အပေါ်၌ သွားလာနေထိုင်သူများ ၌ အပြစ်ရှိ ပါသလား?(သို့မဟုတ်)“အောက်ထပ်”၌ “ဘုရားခန်း”ထားသူများမှာ အပြစ်ရှိပါသလား?ဖြေကြားပေး ပါရန် လျှောက်ထားပါသည် ဘုရား။

“ဖြေ”-အထက်ထပ်၌ နေသည်ဖြစ်စေ၊ -အောက်ထပ်၌ နေသည်ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ “ဘုရားခန်း”ကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်း မှာ ဓမ္မတာဖြစ်ရ သည်။

“အောက်ထပ်”ဖြစ်၍- “ဘုရားခန်း မထားသင့်-မကိုးကွယ်သင့်”ဟူ၍ မဖြစ်သင့်ပါချေ။မိမိတို့နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံး ထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည်။ဤသို့ “အောက်ထပ်”၌ “ဘုရားထား၍ ကိုးကွယ်ခြင်း”ကြောင့်- “အထက်ထပ်”၌ နေသူတို့အတွက် လည်း မရိုမသေ ပြုမူသည် မမည်။ပကတိနေမြဲ အတိုင်း နေပါ၊ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓက အနေဖြင့် ဆိုရသော်-“ဥတ္တရာသတို့သမီး”သည် မိမိခင်ပွန်းဖြစ်သူက “ဗုဒ္ဓရှင်တော်မြတ်ဘုရား”အား”ကိုးကွယ်သူ”မဟုတ်၍-ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား “သီရိမာ”အား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်၊မိမိက အောက်ထပ်သို့ ဆင်းလာပြီး- “ဘုရား”အမှူးရှိသော သံဃာတော်တို့အား “ခုနစ်ရက်ပတ်လုံး” ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေ သည်။မြတ်စွာဘုရားကိုယ်တော်တိုင်လည်း- “ဥတ္တရာ”ရှိရာ “ပြသာဒ်အောက်ထပ်”သို့ကြွရောက်၍ ချီးမြှောက်ခဲ့သည်။

ထို့ကြောင့်-“အိမ်အောက်ထပ်”၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏၊ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် “အဝတ်မျက်နှာကြက်”စသည်- လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။“ရဝေထွန်း (ဘဒ္ဒန္တ တိလောကသာရ)”မှီခိုရာ ကျမ်းကိုး-(“ရဝေထွန်း (ဘဒ္ဒန္တတိလောကသာရ)”၏“တရား အမေးအဖြေ “မှ)ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။

ကိုညီညီတင် (ဉာဏ်လင်းမြို့)သာသနာတော်နှစ်၂၅၆၃၊ ၁၃၈၁ ပြည့်နှစ်၊ တပေါင်းလဆန်း(၁၁)ရက် နေ့ (၅-၃-၂၀၂၀)ရက်၊ကြာသပတေးနေ့။(နံနက်-၃:၂၂)Via ဓမ္မ အရသာ

Leave a Reply

Your email address will not be published. Required fields are marked *