တန်ဆောင်မုန်းလပြည့်နေ့ကို ဆေးပေါင်းခတဲ့ ည လို့ ခေါ်ဆို သတ်မှတ် ရတဲ့ အကြောင်းအရင်း

မြန်မာ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာများစွာထဲမှတစ်ခုဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင်၌ဆေးပေါင်းခသည်ဟု မှတ်ယူကြကာ မဲဇလီဖူးကို ဟင်းချိုချက်သောက်ခြင်း၊ သုပ်စားခြင်း၊ တို့မြှုပ်စားခြင်းများသည်အစဉ်အလာကောင်းတစ်ခုအဖြစ် ပါဝင်ပါသည်။

ထိုအလေ့အထသည် နက္ခတ္တ နယဝေဒပညာရှင်ကြီး တို့ ၏ကောင်းမြတ်သော စေတနာဖြင့် ညွှန်ကြား ခဲ့ သည်မှဆင်းသက်လာသောအစဉ်အလာကောင်းတစ်ခုဖြစ်ပြီးတန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင် ကို ဆေးပေါင်းခသည်ဟု ရွေးချယ်ခဲ့ကြခြင်းမှာ ခါးသောအရသာတို့သည်ဆေးဖြစ်တတ်၏ ဟူ သော ဆေးကျမ်းလာ ဓာတ်သဘောအရဝေဒဆရာကြီး များက ရွေး ချယ်ခဲ့ကြခြင်းဖြစ်၏။

သက်ရှိသတ္တဝါတု့ိ၏ ကျန်းမာပြီးအသက်ရှင်သန်မှုတို့မှာ တေဇော ခေါ် အပူဓာတ်(မီးဓာတ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေ၏။ဆေးပညာ သဘောအရ ထိုတေဇော ဓာတ်ပျံ့နှံ့မှု အတွက်ဝါယောဓာတ်သည် နောက်ကွယ်မှ ကြိုးကိုင်၍နေသည်ဟု ဆိုပါသည်။

ထို့ကြောင့် ဝေဒပညာရှင်တို့က မဲဇလီကို ခါးသောအရသာနှင့် တေဇောဓာတ်၊ ဝါယောဓာတ်နှစ်ပါးတို့စွမ်းအင်သတ္တိ တို့ကို ပေါင်းစပ်၍ အင်အားဖြည့်ကာစားသောက်အသုံးပြုစေခြင်းဖြစ်ဟန်တူပါသည်။မဲဇလီသည် ဝါယော(လေ) တေဇော (မီး ဓာတ်) နှစ်ပါးတို့ကြီးမှူး၍ ခါးသော အရသာရှိသော သစ်ပင်မြောက် မြားစွာတို့အနက်မှ မဲဇလီပင်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

တစ်ဖန် တန်ဆောင်မုန်းလ၌သာလျှင်ကြတ္တိကာနက္ခတ်နှင့် လပြည့်ဝန်းတို့ အတူယှဉ်တွဲ၍မွန်းတည့်ခြင်းကြောင့် တန်ဆောင်မုန်းလကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။တစ် ဖန်ကြတ္တိကာ နက္ခတ်၏ ပထမပါဒ်သတေဇော(မီး ဓာတ်)အားကောင်းသော မိဿ ရာသီ၏နောက်ဆုံး အံသာအတွင်း၌ ရပ်တည် ၍နေပြီးတေ(မီး)နက္ခတ်၏ စွမ်းအင် သတ္တိ ကို ရယူလိုခြင်းကြောင့်ကြတ္တိကာ နက္ခတ်ကို ရွေးချယ်ရခြင်းဖြစ်၏။

တစ်ဖန်လပြည့်ဝန်းသည် ဆီး နှင်း၊ မြူ၊ တိမ်၊သူရိန်၊ မီးခိုးစသော အညစ်အကြေးငါးပါးကင်းမှသာလျှင်လပြည့်ဝန်း၏ စွမ်းအင်သတ္တိကို အပြည့် အဝရရှိနိုင်မည်ဖြစ်ရာတန်ဆောင်မုန်းလ သည် ညစ်မျိုး(၅)ပါးတို့မှ ကင်းစင်သောလဖြစ်ခြင်းကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တစ်ဖန် အခိုးအငွေ့တို့ကို ထွက်စေနိုင် သည့်အာကာသဓာတ်လွှမ်းမိုးသော၊ ရောဂါခပ်သိမ်းကိုပျောက်ကင်းစေ တတ်သော၊ အသက်ကို ကယ်တင်စေနိုင်သော ဇီဝကို ကြာသပတေး ဂြိုဟ် ကြီး၏ နဝင်း၌ စီး၍နေသောကြောင့်၊ ကြာသပတေးဂြိုဟ်၏ စွမ်းအင်သတ္တိ ကိုရယူလို၍ ကြတ္တိကာ နက္ခတ်၏ ပထမ ပါဒ်သကိုရွေးချယ်ရခြင်းဖြစ်ပါသည်။

လပြည့်ဝန်းကြီး လပြည့်သည့် အချိန်နှင့်ကြတ္တိကာ နက္ခတ်တို့အတူ ယှဉ်တွဲ၍ မွန်းတည့်သည့်အချိန်ကို မျက် မြင်အားဖြင့် ကြည့်မည်ဆိုလျှင်တန်ဆောင်မုန်း လပြည့် ည၌ ကောင်းကင် ကိုမော့ကြည့်သည့်အချိန်တွင် မိမိတို့၏ ဦးခေါင်းပေါ်တည့်တည့်၌ လပြည့်ဝန်းကြီး သည် တောင်ဘက်သို့အနည်းငယ် တိမ်းစောင်းပြီး၊ ကြတ္တိကာန က္ခတ်ခေါ်ဖျောက်ဆိပ်သည် မြောက်ဘက်သို့ အနည်းငယ်ယွန်း၍တည်ရှိနေမည်ဖြစ် သည်။

အကွာအဝေးအားဖြင့် မြောက်(၄)အံသာ(၂၁၅) လိတ္တာကျနေမည်ဖြစ် ၏။ထို အချိန်သည် ဆေးပေါင်းခချိန်ဖြစ် ၍ ဆေးကြူးခြင်းဆေးဖော်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။ဆေးပေါင်းခသည့် မဲဇလီကို အသုံးပြုရာတွင်မဲဇလီပင်၏ အဖူးအပွင့်များ သာမက၊ပဉ္စငါးပါးဖြစ်သည့် အမြစ်၊ အခေါက်၊ အရွက်၊အဖူးအပွင့်၊ အသီးတို့ကို ခူးထားပြီး၊ ၄င်းအပင်၏ သဘာဝစွမ်းရည်သတ္တိများ မပျောက်ပျက်သွားစေရန်အခြောက်လှန်းသည့် နည်းစနစ်ကို အသုံးပြု၍သိမ်းထားရမည်ဖြစ်သည်။

၄င်းတို့ကို လိုအပ်သည့်အချိန်၌ လိုအပ်သလို အသုံးပြုနိုင်ပါသည်။သို့ သော်..ဆေးပေါင်းခသည့်အချိန်၌ခူး၍လရောင်အောက်၌ ချက်ချင်းစားသောက် ခြင်းသည်ကားတန်ဖိုးအာနိသင်ပို၍ အစွမ်း ထက်မြက်စေမည်ဖြစ်ပါသည်။မဲဇလီကို ဆေးဘက်ဝင်အဖြစ် စားသုံးရာ၌ဈေးထဲတွင် အစည်းကလေး များပြုလုပ်၍ လည်းကောင်း၊အဖူးကလေးများကို ခြွေဆွတ်၍ ပြည်တောင်း၊နို့ဆီဘူးခွက်တို့ဖြင့် ချိန် ထည့်ရောင်းသည်ကိုဝယ်ယူလာကြပြီး တန်ဆောင်မုန်း လပြည့်နေ့ညတွင်မှပြုတ်သုပ်၍ စားသောက်ရ ခြင်းမျိုး မဟုတ်ရပါ။

အချိန်မှာ တန်ဆောင်မုန်းလပြည့် တော့မည့်နေဝင်ချိန်မှစ၍အရှေ့မိုးကုတ် စက်ဝိုင်းမှကြတ္တိကာနက္ခတ်ခေါ် ဖျောက်ဆိပ်ကြယ်နှင့်လပြည့်ဝန်းတို့သည် မတိမ်းမယိမ်း အတူယှဉ်တွဲ၍ထွက်ပေါ်လာ ကြပြီး မိမိတို့ ၏ ဦးခေါင်းတည့်တည့်သို့ရောက်သောအခါ၌ တောင်မြောက် လတ္တီတွဒ်မျဉ်းတန်းအားဖြင့် တစ်တန်းတည်းဖြစ်နေသောအချိန်ဖြစ်ရပါမည်။

မှတ်ချက်။ ။ ဝေါဟာရမာသ တန်ဆောင်မုန်းလပြည့်နေ့ညဟုခေါ်ဆို တိုင်းလည်း လပြည့်ဝန်းကြီးသည်ဝိုင်း ဝိုင်းစက်စက် လပြည့်ချင်မှ ပြည့်မည်ဖြစ်သောကြောင့် ဝေါဟာရမာသ တန်ဆောင်မုန်းလပြည့်ကိုတရားသေမယူဘဲ လပြည့်ဝန်းကြီး ဝိုင်းဝိုင်းစက်စက်ဖြစ်သည်မဖြစ်သည်ကို သတိထားရမည်ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်ညတွင် ကောင်းကင်တစ်ခွင်လုံးအလွန်သာယာလှပနေပါသည်။ဝင်းပကြည်လင်သော လပြည့်ဝန်းနှင့်အတူကြတ္တိကာ နက္ခတ်နှင့် ကျီးတာရာ၊ ဟင်္သာတာရာ၊ကြယ်တာရာ နက္ခတ်ပေါင်းစုံကွန့်မြူးနေ ပေသည်။ဤသို့ ကောင်းကင်နက္ခတ် စုံလင်နေသဖြင့်တစ်ဆယ့်နှစ်ခါသော လပြည့်ညများထဲတွင် အလှဆုံး၊အတင့်တယ်ဆုံး လပြည့်နေ့ညဖြစ်ပါသည်။ဤတန်ဆောင်မုန်းလပြည့်ည အချိန် အခါတွင်သစ်ရွက်သစ်ဖူးတို့၌ မဲဇလီဖူးသည်ဆေးပေါင်းခသည်ဟု အယူ ရှိကြပါသည်။

မဉ္ဇရီဟူ၍လည်းကောင်း၊ နတ်ပန်းမဉ္ဇူဟူ၍ လည်းကောင်းတင်စားခေါ်ဆိုကြသော မဲဇလီဖူးသုပ် သည်ရာသီစာဖြစ်ပြီး စားသုံးကြသူတိုင်း အနာရောဂါ ဘယ၊အန္တရာယ်ကင်းရှင်း သည်ဟု ဆိုကြပါသည်။သို့ဖြစ်ရာ မိသားစုများအလိုက်၊ အိမ်နီးချင်းများစုပေါင်း၍လည်းကောင်း၊ အသင်းအဖွဲ့အနေအားဖြင့်လည်းကောင်း မဲဇလီဖူး တို့ကို သုပ်စားလေ့၊ဝေငှလေ့ရှိသည့် ချစ်စရာမြန်မာတို့၏ ဓလေ့စရိုက်ကိုလည်း ကြည်နူးဖွယ်ရာ မြင်တွေ့နိုင်ပါ သည်။

မန်လည်ဆရာတော်၏ မာဃ ဒေဝလင်္ကာကျမ်း၌” ထို့ပြင်နောက်မှာ နှစ်ရာကျော်ငြား ငါးဆယ့်ငါးဖြင့်ရက်ပွားရောက်လွန် ဆုံးစွန်ဝဿ သရဒဟု မိုးလကုန်စဲ၊ကထိန်ပွဲနှင့်..” ဟူ ၍ အတာကူးပြောင်းပြီး၂၂၅ရက်မြောက်သော တန်ဆောင်မုန်းလ၊မိုးဥတုအဆုံး “သရဒဥတု” အချိန်အခါ၌ ကထိန်ပွဲများကျင်းပကြောင်း ဖော်ကျူးးထားပါ သည်။မသိုး သင်္ကန်းကပ်လှူခြင်းသည် ကထိန်အလှူ မှထပ်ဆင့်ပေါ်ပေါက် လာသော ဒါနပွဲဖြစ်၏။

ကထိန်သင်္ကန်း လှူဒါန်းရာဝယ် သံဃာတော်များကိုကိုယ်တိုင်ချုပ်ဆိုးထားသော သင်္ကန်း အားညအိပ်မသိမ်းဆည်းဘဲ လှူဒါန်း သောနေ့အရုဏ်မတက်မီ သင်္ကန်းချုပ် ဆိုးမှုနှင့် အပ်နှင်းမှုများအားပြီးစီးအောင် ဆောင်ရွက်နိုင်သော သင်္ကန်းကိုမသိုး သင်္ကန်းဟု ခေါ်ပါသည်။သင်္ကန်းချုပ် ဆိုးနေစဉ် အရုဏ်တက်လျှင်ဖြစ်စေအပ်နှင်းမှု လုံးဝမပြုဘဲ ညသိပ်ထားလျှင်ဖြစ်စေသင်္ကန်းသိုးသည်ဟု ဆိုပါသည်။

မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲကိုနှစ်စဉ်မြန်မာပြည်အနှံ့အပြားရှိတန်ခိုး ကြီးဘုရားပရဝဏ်အတွင်း ကျင်းပလေ့ရှိ ရာရက်ကန်းစင်အသီးသီးက အမည် အမျိုးမျိုးဖြင့်ပါဝင် ယှဉ်ပြိုင်လေ့ရှိသည် ကို တွေ့ရပါသည်။ဤမြင်ကွင်းမှာလည်း မြန်မာတို့၏ ဘာသာသာသနာရိုသေ ကိုင်းရှိုင်းမှုနှင့် မြန်မာ့ရိုးရာအထည်ရက်လုပ်ခြင်း၊ လက်မှုအနုပညာ တို့ကိုသရုပ်ဖော်ပြသသည့် မြတ်နိုးဖွယ် မြင်ကွင်းတစ်ခုပင်ဖြစ်ပေတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *