ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ပိုင်တံခွန် နဲ့ ပိုပိုတို့ကို သုံးရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိ

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ပိုင်တံခွန် နဲ့ ပိုပိုတို့ကို သုံးရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိ

စစ်ကောင်စီကနေ အမှုရုပ်သိမ်းလိုက်တဲ့ ထိန်းသိမ်းခံ အနုပညာရှင်တွေကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်ကစပြီး ၃ရက်အတွင်း အပြီးလွှတ်ပေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ရှေ့နေတွေထံကသိရပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြချက်အရ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာပါဝင်သူတွေ မှအပ ဆန္ဒပြဖြစ်စဉ်တွေနဲ့ ဆန့်ကျင်လှုံ့ဆော်မှုတွေမှာပါဝင်ခဲ့လို့ အရေးယူခံထားရသူတွေကို ဖြေလျှော့ပေးလိုက်တယ်လို့ ပါရှိပါတယ်။

ဆန္ဒပြစဉ်ကပါဝင်ခဲ့ခြင်း၊ လူမှုကွန်ရက်ကို အသုံးပြုပြီး ဆန့်ကျင်လှုံ့ဆော်မှုတွေကို ပြုလုပ်ခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က အရ အရေးယူခံထားရတဲ့ အနုပညာရှင် (၂၄)ဦးနဲ့ လူမှုကွန်ရက်မှာလူသိများသူ ၁၀ ဦးကို အရေးယူထားတဲ့ ဥပဒေနဲ့အညီ ပိတ်သိမ်းတယ်လို့ ဆိုပါတယ်။

အနုပညာရှင်အချို့ရဲ့ ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ ဒီကနေ့ ကနေ စတင်လွှတ်ပေးဖို့ ပြင်ဆင်နေပြီး ဒီနေ့ အပါအဝင် ၃ရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိတယ်လို့ သိရကြောင်းပြောပါတယ်။

အမှုရုပ်သိမ်းပြီးပြန်လည်လွတ်မြောက်ကြမယ့်အထဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ပိုင်တံခွန် နဲ့ ပိုပို တို့အပါအဝင်အခြားထင်ရှားသူအချို့ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘီဘီစီအနေနဲ့ ကတော့ ပြန်လည်လွတ်မြောက်မယ့် အနုပညာရှင်တွေစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီနေ့မှာ အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ ၁၃ဝဝကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးထားသလို တရားရုံးအသီးသီးမှာအမှုရင်ဆိုင်ဆဲ လူဦးရေ ၃ဝဝဝကျော်ကို လည်း အမှုကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *