ဆွမ်းတော်ချက်တဲ့အခါ ဟင်းမြည်းကောင်းပါသလား

မေး- ဘုရားနှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော် ချက်နေရင်း တပည့်တော်ဘယ်တော့မှ အပေါ့အငန်မမြည်းရဲဘူး၊ ဗိမ္မိသာရမင်းကြီးရဲ့ ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ပါ။

ဘုရားတပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန် မြည်းကောင်းပါသလားဘုရား။ဖြေ –ဗိမ္မိသာရမင်းကြီးရဲ့ ဆွေမျိုးပြိတ္တာတို့ဟာ ပထမတော့ ရိုးရိုးတန်းတန်း ဆွမ်းချက်ပြီး ကပ်လှူကြတာပါပဲ။

နောက်တော့ ဆွမ်း ထမင်းဟင်းချက်နေတုန်း ကလေးငယ်လေးတွေက ဗိုက်ဆာလို့ တောင်းတာကို ယူကျွေးရင်းနဲ့ လူကြီးတွေရောအသိဉာဏ်ရင့်ကျက်တဲ့ အရွယ်ရောက်ပြီးလူတွေကပါ စိတ်တူကိုယ်တူ ဘုရားရှင်နှင့် သံဃာတို့ ဘုဉ်းမပေးရသေးခင် စားဦးစားဖျားတွေကို စားခဲ့ကြတယ်။

တခဏတနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်တဲ့ဆန္ဒကို မတားဆီးပဲ စိတ်အလိုကို လိုက်မိပြီး စားသောက်ခဲ့မိကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ကာလအကြာကြီး ငရဲဆင်းရဲ၊ ပြိတ္တာဆင်းရဲကို ကျရောက်ခံစားခဲ့ကြရပါတယ်။

ယခုခေတ် သံဃဒါနဆွမ်းလောင်းအသင်းများနဲ့ အလှုအတန်းတွေမှာ ဆွမ်းချက်ကြတဲ့ ဒကာ,ဒကာမတို့အတွက်အဲ့ဒီ ပြိတ္တာတို့ရဲ့ အဖြစ်အပျက်က သတိထားစရာပဲ ဖြစ်ပါတယ်။ဗိမ္မိသာရမင်းကြီးရဲ့ အတိတ်ဘဝကဆွေမျိုးများ ငရဲကျ၊ ပြိတ္တာဖြစ်ရတာဟာ ဆွမ်းဟင်းချက်နေတုန်း “အပေါ့၊အငန်” မြည်းတာကြောင့် လုံးဝမဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့ မဘုဉ်းပေးရသေးခင် စိတ်စေတနာဆိုးဖြင့် ဉီးဉီးဖျားဖျား စားသောက်ကြတာကြောင့် ဖြစ်ပါတယ်။

သူတို့ဟာ လုပ်သင့် မလုပ်သင့် မစဉ်းစားပဲ ဆွမ်း၊ ဆွမ်းဟင်း စတာတွေကို မြည်းရုံ တို့ရုံမျှ မဟုတ်ဘဲအဝစားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆွမ်းဟင်းချက်တဲ့အခါ သံဃာတော်တို့ အရသာ ပြည့်ပြည့်ဝဝ ကောင်းကောင်းမွန်မွန် ဘုဉ်းပေးနိုင်ဖို့ အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်မြည်းတာဟာ ဘယ်လိုအကုသိုလ်မှ မဖြစ်ပါဘူး။

အကုသိုလ်မဖြစ်တဲ့ အပြင်သံဃာတော် အရှင်မြတ်များ ကောင်းမွန်စွာ ဘုဉ်းပေးရစေဆိုတဲ့ ကောင်းမြတ်မွန်မြတ်သော စေတနာ ဇောအဟုန်ကြောင့် ကုသိုလ်တရားတောင် ဖြစ်ထွန်းပွားများရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *