“မြန်မာ မိန်းကလေးကို အနိုင်ကျင့်ပြီး သေဆုံးအောင်လုပ်ခဲ့ပြီးနောက် ဝိဉာဉ်ကခြောက်လှန့်တာကို ခံနေရလို့ အပြစ်ကို ဝန်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံသား”

မြန်မာနိုင်ငံသား လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးအား လိင်ပိုင်းအနိုင်ကျင့်ပြီး ထိုအမျိုးသမီး ရေနစ်သေဆုံးပြီးနောက် ရုပ်အလောင်းကို

မီးရှို့ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ကြောင်း ထိုင်းနိုင်ငံသားအမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့သည်ဟု ဘန်ကောက်ပို့စ်၏ဖော်ပြချက်အရသိရသည်။

ကဘင် ဘူရီစီရင်စု တက်သာခန်းရှိ ကုမ္ပဏီတစ်ခုတွင် လျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးသမားအဖြစ် လုပ်ကိုင်သော အသက် ၂၇ နှစ်အရွယ် ဘွန်လိုင် ဘွာမန်းအား ရဲတပ်ဖွဲ့ဝင်များက ဆာခါယိုခရိုင် ဝတ်သန နာခွန်စီရင်စုရှိ ဆွေမျိုးတစ်ဦး၏နေအိမ်၌ နိုဝင်ဘာ ၁၈ ရက်နှောင်းပိုင်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကဘင် ဘူရီစီရင်စု ဝမ် သာချန်းရှိ ယူကလစ်ပင်စိုက်ခင်းတစ်ခု၌ မီးရှို့ခံထားရသော အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို နိုဝင်ဘာ ၁၈ ရက် အစောပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် သံသယရှိသူကို လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးများ၊ သေမှုစစ်များနှင့် ဆရာဝန်များက သွားရောက်စစ်ဆေးခဲ့သည်။ ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ရန် ကားတာယာနှစ်ခုကို အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

နောက်ပိုင်းတွင် ရဲအရာရှိများသည် သေဆုံးသူမည်သူဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။သေဆုံးသူသည် မြန်မာနိုင်ငံသား အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦဖြစ်သည်။

သံသယရှိသူမှာ သေဆုံးသူနှင့်အတူ ကုမ္ပဏီတစ်ခုတည်းတွင် လုပ်ကိုင်နေသည့် ဘွန်လိုင် ဆိုသူဖြစ်ပြီး ဘွန်လိုင်သည် သေဆုံးသူနှင့် ကဘင် ဘူရီရှိ အဆောင်တစ်ခုထဲတွင် သီးခြားအခန်းဖြင့် နေထိုင်သူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။သံသယရှိသူသည် အမျိုးသမီးအား နိုဝင်ဘာ ၁၄ ရက်တွင် ၎င်း၏အခန်းမှ အတင်းအကျပ်ခေါ်ဆောင်ခဲ့သည်။

ထိုအမျိုးသမီးနှင့်ချစ်ကျွမ်းဝင်ခဲ့ကြောင်း ဘွန်လိုင်က ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့သည်။ အမျိုးသမီး၏အခန်းထဲတွင် ဘွန်လိုင်သည် လိင်ဆက်ဆံနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အမျိုးသမီးက ငြင်းပယ်ခဲ့သောကြောင့် ရိုက်နှက်ပြီး ဆီအုန်းစိုက်ခင်းများရှိရာသို့ အမျိုးသမီးကို အတင်းအကျပ်ခေါ်ဆောင်ခဲ့သည်။

ထို့နောက် ခွေးဟောင်သံကြားသောကြောင့် ဘွန်လိုင်နှင့် အမျိုးသမီးတို့ ထွက်ပြေးကြရာ ဘွန်လိုင်သည် အနီးအနားရှိ ရေကန်တစ်ခုထဲသို့ အမျိုးသမီးနှင့်အတူ ခုန်ချခဲ့သည်။ သို့သော် အမျိုးသမီးသည် ရေမကူးတတ်သောကြောင့် ရေနစ်သေဆုံးခဲ့ကြောင်း ဘွန်လိုင်က ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့သည်။

နောက်တစ်နေ့တွင် ဘွန်လိုင်သည် ပုံမှန်အတိုင်းပင် အလုပ်သို့သွားရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဘွန်လိုင်သည် အမျိုးသမီး၏ရုပ်အလောင်းကို ရေကန်ထဲမှ ဆယ်ယူကာ ယူကလစ်စိုက်ခင်းထဲသို့ သယ်ဆောင်သွားပြီး ကားတာယာများဖြင့် မီးရှို့ခဲ့သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် ဘွန်လိုင်သည် ဆာခါယိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဆွေမျိုးတစ်ဦး၏နေအိမ်၌ သုံးရက် ခိုလှုံနေစဉ် သေဆုံးသူ၏ဝိညာဉ်က ခြောက်လှန့်သောကြောင့် အိပ်မရခဲ့ကြောင်း ဘွန်လိုင်က ဝန်ခံခဲ့သည်။

နံနက်တိုင်း အစောကြီးထကာ ဘုန်းကြီးများအား ဆွမ်းလောင်းလှူခဲ့သော်လည်း သေဆုံးသူ၏ဝိညာဉ်က ခြောက်လှန့်နေဆဲဖြစ်ကာ နောက်ဆုံးတွင် သေဆုံးသူ၏ အစ်မဖြစ်သူထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ဘွန်လိုုင်က ဝန်ခံခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *