နှစ် (၂) ထောင်နီးပါးသက်တမ်းရှိတဲ့ ပျူခေတ်အုတ်ချပ်ပေါ်က ကလေးခြေရာလေးတခု

နှစ် (၂) ထောင်နီးပါးသက်တမ်းရှိတဲ့ ပျူခေတ်အုတ်ချပ်ပေါ်က ထူးဆန်းတဲ့ ကလေးခြေရာလေးတခု

ပျူအုတ်ချပ်တစ်ခုမှာ ထင်ကျန်ရစ်ခဲ့တဲ့ ခြေရာကလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ထောင်နီးပါးက ချစ်စဖွယ် တီတီတာတာ ကလေးတစ်ယောက် နင်းသွားခဲ့တာပဲဖြစ်ပါတယ်။ ယခုသူ ဘယ်ဘဝများရောက်ရှိနေပြီလဲ။

သူ့​ခြေဖဝါးလေးက ဖူးပြည့်မို့မေါက်နေလို့ ကျန်းကျန်းမာမာနဲ့ လွတ်လပ်ပေါ့ပါး ဆော့ကစားရင်း နင်းမိတယ်ထင်ပါတယ်။ဒီလိုခြေဖဝါးလေးတွေကို ပျူခေတ်အသုံးပြုခဲ့ကြတဲ့ အုတ်ချပ်တွေမှာ တွေ့ရှိရတတ်ပြီး ကလေးခြေရာတွင်မကပဲ လူကြီးခြေရာ လူလတ်ပိုင်းခြေရာ‌တွေအပြင် တိရိစ္ဆာန်‌ခြေရာတွေဖြစ်တဲ့ ခွေးခြေရာ၊ နွားခွာရာ စသဖြင့်တွေ့ရှိရပါတယ်။

ပျူခေတ်က အုတ်လုပ်တဲ့အခါ ရွံ့စေးကိုပုံစံသွင်းပြီး မီးမဖုတ်ခင် နေလှမ်းကြပုံရပါတယ်။ အဲ့ဒီအခါ ဒါမျိုးအရာလေးတွေက အမှုမဲ့အမှတ်မဲ့ ပါလာတတ်ကြပါတယ်။နေလှမ်းထားတဲ့ ရွှံ့အုတ်တွေပေါ်ကို ပြေးရင်းလွှားရင်း ဆော့ကစားရင်း အလုပ်လုပ်ရင်း နင်းမိကြပုံပါပဲ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြလိမ့်မယ်လို့တော့ ယူဆလို့မရပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အုတ်တွေအပေါ် ထင်ကျန်ရစ်ကြတဲ့ အရာများဟာ ရုတ်တရက် နင်းသွားခဲ့တဲ့ ပုံသဏ္ဌန်ဖြစ်ပုံရပါတယ်။ တစ်ခုနဲ့တစ်ခု ပုံစံတွေလည်း မတူကြသလို အုတ်ခဲတစ်လုံးနဲ့တစ်လုံးရဲ့ မျက်နှာပြင်မှာအနေအထားတွေလည်း မတူညီကြပါဘူး။

ပျူခေတ်အုတ်တွေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ စာလုံးတွေဖော်ထားတာ လက်ရေးစင်းတွေ ရိုက်နှိပ်ခဲ့ကြတာတွေတော့ များစွာတွေ့ရှိရပါတယ်။ ဘာမျှမပါပဲ ပြုလုပ်ထားတဲ့ အုတ်တွေလည်းတွေ့ရပါတယ်။များသောအားဖြင့် ပျူအုတ်အရွယ်အစားများဟာ အလျား ၁၈ လက်မ၊ အနံ ၉ လက်မ နဲ့ ထုက ၃ လက်မ အရွယ်အစားရှိကြောင်း တွေ့ရပါတယ်။

ဒီအတိုင်းအတာတွေဟာ တကယ်တော့ အုတ်ဖုတ်ဖို့ အုတ်ပုံစံယူတဲ့ လူရဲ့ body measurement တွေဆိုလည်း မမှားပါဘူး။ အုတ်ကိုဖြတ်ရတဲ့လူရဲ့ တစ်‌တောင်ဟာ ၁၈ လက်မရှိပြီး တစ်ထွာဟာ ၉ လက်မရှိပါတယ်။

ထုကတော့ အဲ့ဒီလူရဲ့ လက်လေးသစ် (လက်လေးလုံး)ဟာ ၃ လက်မရှိကြပါတယ်။ မယုံရင် ကိုယ့်လက်ကိုပြန်တိုင်းကြည့်ပါ လူကောင်ညှက်တာနဲ့ ထွားတာနဲ့ ရှည်တာနဲ့တိုတာနဲ့ အနည်းငယ်စီပဲကွာကြောင်း တွေ့ရပါလိမ့်မယ်။ ယခုအခါမှ ပေကြိုးတွေနဲ့တိုင်းကြ ထွာကြလို့ သဘာဝ တိုင်းတာခဲ့မှုနဲ့ ဝေးကွာသွားရခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။

ပျူတွေဟာ မြေကိုမီးဖုတ်တဲ့အတတ်မှာ အင်မတန်ကျွမ်းကျင် လိမ္မာပါတယ်။ အုတ်တွေကို မီးဖုတ်တဲ့အခါ မီးအကျက်ညီလှပါတယ် မီးအကျက်ညီအောင်လည်း ရွှံ့နယ်စဥ်ကထဲက စပါးခွံများထည့်သွင်းပြီး ရောနှောနယ်လေ့ရှိကြပါတယ်။ဒါကြောင့်မီးဖုတ်တဲ့အခါ ထူထဲလှတဲ့အုတ်ရဲ့ အတွင်းသားတွေ အတွင်းက စပါးခွံတို့ကို လောင်ကျွမ်းစေခြင်းဖြင့် အုတ်အတွင်းသားအထိမီးအပူရှိန်ရောက်စေပြီး မီးအကျက်ညီတဲ့ အုတ်တွေကိုရရှိပါတယ်။

ဒီထက်ပညာသားပါတဲ့ အပူချိန်ထိန်းသိမ်းခြင်း အတတ်ပညာလည်းရှိခဲ့ပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုလျင် ပျူခေတ်အုတ်တွေထက် များစွာကြီးမားတဲ့ မြေမီးဖုတ်ရုပ်ကြွများစွာကိုလည်း မီးအကျက်ညီအောင် ဖုတ်နိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ပျူခေတ်အုတ်တွေမှာ ပျူစာနဲ့ ပျုဂဏန်းစာလုံးတွေကို ပုံစံခွက်နဲ့ဖိပြီး သေသပ်စွာ ရိုက်နှိပ်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။ များသောအားဖြင့် ပျူအက္ခရာ ဂဏန်းစာလုံးတွေကို နန်းတော်ရာ မြို့ရိုးလိုစီတဲ့နေရာတွေ မြို့ရိုးစီတဲ့ အုတ်ရိုးနေရာတွေမှာ အတွေ့ရများပြီး၊ အခြားပျူအက္ခရာများကိုတော့ ဘာသာရေးအဆောက်အုံဆောက်လုပ်တဲ့ အုတ်ရိုးတွေမှာ တွေ့ရတတ်ပါတယ်။

ပျူခေတ်အုတ်တွေမှာ လက်ရေးစင်းပါတာနဲ့ ပတ်သက်လို့ အယူအဆအမျိုးမျိုး ရှိကြတဲ့နေရာမှာ နောက်ပိုင်းတွေ့ရှိလာတာကတော့ လက်ရေးစင်းပါတဲ့အုတ်တွေကို အုတ်ရိုးတွေစီတဲ့ အခါ မြေသရွှတ်ချော်မထွက်သွားအောင် အုတ်ရိုးရဲ့အစွန်ဘက်တွေနဲ့ အလယ်ဗဟိုလို နေရာမျိုးတွေမှာ မြေသရွှတ် မအိပ်ခင် အုတ်တွေ ရွှေ့ရှားသွားမှာ စိုးတဲ့အတွက် အဆောက်အုံဆောက်လုပ်တဲ့ အုပ်စီးအုတ်နင်းစနစ် တစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတယ်လို့ ယူဆကြပါတယ်။

ဒီအဆိုကို ခိုင်မာဖို့ ကောက်ချက်ဆွဲရာမှာ ပျူခေတ်က ဖျော်စပ် ခဲ့ကြတဲ့ အင်္ဂတေစပ်နည်းဟာ သဘာဝပစ္စည်းများကို အခြေခံကြရလို့ ခြောက်သွေ့ဖို့ရာ အင်မတန်အချိန်ယူကြရပါတယ် အဲ့ဒီအတောအတွင်း စီထားတဲ့ အုတ်စီးအုတ်နင်း ချော်မထွက်သွားရလေအောင် စွဲမြဲနေအောင် အုတ်ခဲတွေမှာ ပုံစံမျိုးစုံနဲ့ လက်ရေးစင်းများ ရေးခြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီလိုပုံစံမျိုးကို ပုဂံဘုရားတွေရဲ့ နံရံမှာ အင်္ဂတေများကွာကျတဲ့အခါ အုတ်တွေရဲ့ နံရံမျက်နှာပြင်မှာ အစင်းကြောင်းများ ရေးခြစ်ထားတာနဲ့သဘောတရားခြင်း ဆင်တူပါပဲ၊ ဒါအပြင် သရေခေတ္တရာရဲ့ နန်းမြို့ရိုးအတွင်းဘက် နေရာတစ်ခုမှာ တစ်လက်မအထူလောက်ကျော်တဲ့ ပျူခေတ်က အသုံးပြုခဲ့တဲ့ အင်္ဂတေကို ကပ်လျက်တွေ့ရှိရပါတယ်

အချို့ကွာကျနေတဲ့ နံရံမျက်နှာပြင်မှာတော့ အင်္ဂတေမြဲအောင် အုတ်နံရံမှာ လေးဒေါင့်ကွက်များစွာ ရေးခြစ်ထားတာကိုတွေ့ရှိရပါတယ် ဒါကြောင့် ပျူခေတ်အုတ်တွေမှာ လက်ရေးစင်းကို ဘာကြောင့် ထည့်သွင်းခဲ့လည်းဆိုတဲ့ အဖြေကို ဒီအယူအဆနဲ့ သုံးသပ်ကြပါတယ်။

ပျူခေတ်အုတ်တွေဟာ နောက်ပိုင်းမှာ အရွယ်အစားသေးလာကြတာကိုတွေ့ရှိရပါတယ်။ အရှေ့ဘက် နန်းမြို့ရိုးပြိုကျခဲ့စဥ်က နန်းမြို့ရိုးကို အသုံးပြုထားတဲ့ အုတ်အရွယ်အစားတွေဟာ ၅ မျိုးလောက်တောင်ရှိကြောင်း တွေ့ရပါတယ်။ပျူတွေဟာ အုတ်ထုတ်တဲ့အတတ်ပညာမှာ တဖြေးဖြေးနဲ့ တိုးတက်လာခဲ့ ကြပုံရပါတယ်။

လက်လုပ်ပုံရိုက်တဲ့ စနစ်ကနေ မိုလ်နဲ့ပုံဖော်တဲ့စနစ် ဒီနောက်ဗိသုကာအုတ်တွေကိုပါ မိုလ်လုပ်လို့ လိုအပ်တဲ့ သာသနိကအဆောက်အုံတွေမှာ လိုသလိုထုတ်လုပ်ပေးနိုင်ခဲ့ကြောင်းလည်း တူးဖော်တွေ့ရှိချက်တွေကနေတစ်ဆင့် သိရှိခဲ့ကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *